Posted in

Survivor’s Guilt – ရှင်သန်ကျန်ရစ်သူ၏ အပြစ်စွဲစိတ်


———————————————–
စိတ်ဒဏ်ရာရစရာအဖြစ်အပျက်များ၊ အသက်ဘေးနှင့်နီးစပ်သော အတွေ့အကြုံများကြောင့် နောက်ဆက်တွဲ အနေဖြင့် စိတ်ပိုင်းဆိုင်ရာတွင် ခံစားရသော အခက်အခဲတခုဖြစ်သည့် ရှင်သန်ကျန်ရစ်သူ၏ အပြစ်စွဲစိတ် အကြောင်းအရာကို ရေးသားဖော်ပြ သွားပါမည်။

အပြစ်စွဲစိတ်နှင့် ရှင်သန်ကျန်ရစ်သူ၏ အပြစ်စွဲစိတ်
——————————
ယေဘုယျအားဖြင့် အပြစ်စွဲစိတ်သည် နောင်တရခြင်းနှင့် မိမိကိုယ်ကို ဝေဖန်အပြစ်တင်ခြင်း (Self-judgement) တို့ပါဝင်သော စိတ်ခံစားချက်တခုဖြစ်သည်။ ၎င်းသည် တကိုယ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက် အကူပြုသော်လည်း ကာလရှည်ကြာစွာရှိလာပါက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအပေါ် အကျိုးသက်ရောက်နိုင် သည်။
သို့သော် ရှင်သန်ကျန်ရစ်သူတို့တွင်ရှိသော အပြစ်စွဲစိတ်မှာမူ အသက်ဘေးနှင့်နီးစပ်ခဲ့သော အဖြစ်အပျက် များတွင် အခြားသူများအသက်ရှင်မကျန်ဘဲ မိမိတဦးတည်းသာ အသက်ရှင်ကျန်ခဲ့သည့်အတွက် ပြင်းထန်သော အပြစ်ရှိသည့် ခံစားချက်မျိုးဖြစ်ပေါ်လာခြင်းကို ခေါ်ဆိုသည်။ ထို့အတွက်ကြောင့် စိတ်ဒဏ်ရာဖြစ်ရပ်လွန်စိတ် ဖိစီးမှုဝေဒနာ (Post-Traumatic Stress Disorder – PTSD)၊ စိုးရိမ်ခြင်းဝေဒနာ (Anxiety Disorder) နှင့် ရှုပ်ထွေးသော ပူဆွေးသောက (Complicated Grief) ချိတ်ဆက်နေသလို၊ လူတဦးချင်းစီအပေါ် သီးခြား သက် ရောက်မှုများလည်းရှိသည်။ စိတ်ဒဏ်ရာတွင် ရှင်သန်ကျန်ရစ် သူ၏ အပြစ်စွဲစိတ်ကို တွေ့ကြုံခံစားရနိုင် သော်လည်း တခါတရံတွင် စိတ်ဒဏ်ရာမရှိသော်လည်း ထိုအပြစ်စွဲစိတ်ကို ခံစားရမှုများလည်း ရှိသည်။
Survivor’s guilt ဆိုသည့် ပညာရပ်ဆိုင်ရာစကားလုံးကို 1943 ခုနှစ်တွင် Dr. Stanley Cobb နှင့် Dr. Erich Lindemann တို့မှ စတင်သတ်မှတ်ခဲ့ပြီး၊ စိတ်ကျန်းမာရေးနယ်ပယ်တွင် အလေးထားခံရသော ရှုပ်ထွေးသော စိတ်ပိုင်းဆိုင်ရာဖြစ်စဉ်တခုဖြစ်သည်။ ပထမဦးဆုံးမှတ်တမ်းတင်ထားသော ဖြစ်ရပ်များမှာ လူအမြောက်အများ သတ်ဖြတ်မှု (Holocaust) ဖြစ်စဉ်နှင့် ဟီရိုရှီးမား (Hiroshima) အနုမြူဗုံးကြဲခံရသောဖြစ်စဉ်များမှ လွတ် မြောက်လာသူများ၏ စိတ်ပိုင်းဆိုင်ရာများကို မှတ်တမ်းတင်ထားနိုင်ခဲ့သည်။

လက္ခဏာရပ်များ
——————

ရှင်သန်ကျန်ရစ်သူ၏ အပြစ်စွဲစိတ်တွင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာရပ်များပါဝင်သည်။

စိတ်ပိုင်းဆိုင်ရာတွင်

– ကူရာကယ်ရာမဲ့သည့် ခံစားချက်များ၊
– မိမိကိုယ်ကို အနုတ်သဘောဆောင်သည့် သုံးသပ်မှုများ၊
– နောက်ကြောင်းပြန်တွေးကာ အတွေးလွန်ခြင်း၊
– ပူဆွေးသောကရောက်ခြင်း၊
– ဝမ်းနည်းခြင်း၊
– စိတ်ဒဏ်ရာရစရာအဖြစ်အပျက်ကို (မတွေးသော်လည်း) ပြန်လည်မြင်ယောင်ခြင်း၊
– စိတ်တိုလွယ်ခြင်း/စိတ်မရှည်ခြင်း၊
– စိတ်အားတက်ကြွမှုမရှိခြင်း၊
– ပြီးပြည့်စုံလိုစိတ်များခြင်း (Perfectionism)
– စိတ်အတက်အကျများခြင်း၊ ဒေါသပေါက်ကွဲလွယ်ခြင်း၊
– ကြုံတွေ့ခဲ့သည့်အဖြစ်အပျက်ကို စိတ်ထဲစွဲပြီး အတွေးထဲမှ ထုတ်မရခြင်းတို့ဖြစ်ကြသည်။

ရုပ်ပိုင်းဆိုင်ရာလက္ခဏာရပ်များအဖြစ်

– အစာစားသောက်မှုပုံစံပြောင်းလဲလာခြင်း၊
– အိပ်စက်ရခက်ခဲခြင်း၊
– ခေါင်းကိုက်ခြင်း၊
– အစာအိမ်နာခြင်းနှင့် ပျို့အန်ချင်ခြင်း၊
– နှလုံးခုန်နှုန်းမြန်ခြင်း၊
– ပင်ပန်းနွမ်းနယ်ခြင်းတို့ကို ခံစားရနိုင်သည်။

လူမှုဆက်ဆံရေးတွင်

– အခြားသူများနှင့် တွေ့ဆုံရန် ရှောင်ရှားခြင်း၊
– အလွန်အမင်းအကာအကွယ်ပေးခြင်း၊ (နောက်ထပ် အခြားသောဆုံးရှုံးမှုများမဖြစ်လို၍)
– အခြားသူများကို လိုအပ်သည်ထက်ပို၍ ပိုမိုပေးကမ်းခြင်း၊ (အပြစ်စိတ်ကို ပြန်လည်ဖြေရှင်းလို၍)
– မိမိခံစားနေရသော အပြစ်စွဲစိတ်ကို အခြားသူများထံ ပုံချခြင်းတို့ကို တွေ့ကြုံခံစားရနိုင်သည်။

၂၀၂၀ ခုနှစ်တွင် သုတေသနပြုလုပ်ချက်တခုအရ အပြစ်စွဲစိတ်သည် မျက်နှာအမူအရာဖြစ်သော မျက်မှောင်ကြုတ်ခြင်း၊ လည်ပင်းကို လက်ဖြင့်ထိခြင်းစသည့် နည်းလမ်းများဖြင့် တုန့်ပြန်လေ့ရှိပြီး ရှက်ခြင်းတွင် မျက်နှာငုံ့ထားပြီး အောက်သို့စိုက်ကြည့်ခြင်းများဖြင့် တုန့်ပြန်မှုမတူညီကြောင်းလေ့လာဖော်ထုတ်ထားသည်။

သို့သော် အပြစ်စွဲစိတ်နှင့် ရှက်ခြင်းတွင် တူညီသော တုန့်ပြန်မှုများအဖြစ်

– ဖြစ်ရပ်များအပေါ်တွင် မိမိ၌ တာဝန်ရှိသည်ဟု ခံစားရခြင်း၊
– ပြီးခဲ့သည့်အခြေအနေအပေါ် ဖြေရှင်းပြင်ဆင်လိုခြင်း၊
– မိမိကိုယ်ကိုအလေးအမြတ်ထားမှုအခက်အခဲများရှိခြင်း၊
– မိမိကိုယ်ကို အဆိုးမြင်ဝေဖန်ခြင်းများပါဝင်သည်။

အထက်ပါအကြောင်းအရာများသည် မိမိကိုယ်ကို ရောဂါရှိသည်ဟု သတ်မှတ်ရန်အတွက် မဟုတ်ဘဲ ဗဟုသုတအတွက်သာဖော်ပြခြင်းသာဖြစ်ပါသည်။ အကယ်၍ အထက်ဖော်ပြပါကိစ္စရပ်များကို ကြုံတွေ့နေရပါက သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များဖြင့်သာ တွေ့ဆုံဖြေရှင်းကိုင်တွယ်သင့်ပါသည်။

ကိုးကားများ

Murray H, Pethania Y, Medin E. Survivor guilt: a cognitive approach. The Cognitive Behaviour Therapist. 2021;14:e28.

Julle-Danière, E., Whitehouse, J., Mielke, A., Vrij, A., Gustafsson, E., Micheletta, J., & Waller, B. M. (2020). Are there non-verbal signals of guilt?.

Mobayed, T. (2023, November 2). Surviving Survivor’s Guilt | Psychology Today.

Leave a Reply

Your email address will not be published. Required fields are marked *