Posted in

ကာလရှည်ပူဆွေးသောကရောဂါ Prolonged Grief Disorder (PGD)

————–

လူတဦးတယောက်အနေဖြင့် မိမိတန်ဖိုးထားသောအရာများ၊ ချစ်မြတ်နိုးရသူများ ဆုံးရှုံးရချိန်တွင် ကြုံတွေ့ရသော ခံစား ချက်တုန့်ပြန်မှုများသည် ပုံမှန်ခံစားချက်၊ သဘာဝအလျှောက်တုန့်ပြန်မှုများသာဖြစ်ပြီး၊ ယင်းကို ပူဆွေးသောက ရောက်ခြင်းဟု ခေါ်ဆိုသည်။ လူသားတိုင်းအနေဖြင့် ဘဝရှင်သန်မှုတွင် ဆုံးရှုံးမှုပုံစံအမျိုးမျိုးကို တွေ့ဆုံနေကြရမည်မှာ ဓမ္မတာပင်ဖြစ်သည်။ သို့သော် ဆုံးရှုံး၏ နောက်ဆက်တွဲအနေဖြင့် ကြုံတွေ့ရသည့် အကျိုးသက်ရောက်မှုများ၊ ခံစားချက်များမှာ ကွဲပြားမှုများရှိနေနိုင်သည်။

ယခင်က စိတ်ကျန်းမာရေးအခက်အခဲများ၏ လက်စွဲစာအုပ်ဖြစ်သည့် Diagnostic and Statistical Manual of Mental Disorders- ၂၀၁၃ ခုနှစ်ထုတ် DSM 5 တွင် ပူဆွေးသောကကို စိတ်ကျရောဂါ (Depression Disorder) အဖြစ် သတ်မှတ်ခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ပညာရှင်များဖြစ်သော Szuhany, Malgaroli, Miron, & Simon တို့မှ စိတ်ဒဏ်ရာရစရာ အဖြစ်အပျက်များအကြားတွင် ချစ်ရခင်ရသူတဦးဦးရုတ်တရက်သေဆုံးခြင်းကို ကြုံတွေ့ရပါက နာတာရှည်ပူဆွေးသောကကို ဆက်လက်ခံစားရကြောင်းတွေ့ရှိခဲ့သည်။ ထို့ကြောင့် ၂၀၂၂ ခုနှစ်ထုတ် DSM 5 (TR) တွင်မူ နာတာရှည်ပူဆွေးသောက (Prolonged Grief Disorder – PGD) ကို စိတ်ဒဏ်ရာနှင့် စိတ်ဖိစီးမှု ဆက်နွယ်စိတ် ကျန်းမာရေးရောဂါများ အုပ်စုအောက်တွင် ထည့်သွင်းဖော်ပြကာ အရင်က သတ်မှတ်ခဲ့သော စိတ်ကျရောဂါမှ ခွဲထွက်၍ သီးခြားရောဂါ အဖြစ်သတ်မှတ်ခဲ့သည်။ အဆိုပါက သတ်မှတ်ချက်အရ မိမိဘဝထဲမှ ချစ်ခင်ရသော နီးကပ်သူ တဦး ဆုံးပါးပါက အရွယ်ရောက်ပြီးသူ အနေဖြင့် အနည်းဆုံး ၁၂ လနှင့် ကလေး/မြီးကောင်ပေါက်အရွယ်အနေဖြင့် ၆ လ ကြာကာလအတွင်း ဖော်ပြပါ လက္ခဏာ ရပ် ၃ ခုထက် မနည်းရင်ဆိုင်ရပါက PGD အဖြစ် သတ်မှတ်ထားသည်။

သုတေသနတွေ့ရှိချက်များ

————–

အကယ်၍ လူတဦးအနေဖြင့် ပူဆွေးသောကခံစားချက်များသည် လူမှုရေး၊ ယဉ်ကျေးမှုနှင့် ဘာသာရေးစံနှုန်းများအရ မျှော်လင့်ထားသည့် ကာလထက် ပိုမိုကြာမြင့်စွာဆက်လက်ရှိနေရန်လိုအပ်သည်။ ခန့်မှန်းချက်အရ ဆုံးရှုံးမှုများကို ကြုံတွေ့ထားရ သော အရွယ်ရောက်ပြီးသား လူကြီးများအနက် ၄ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ကာလရှည်ပူဆွေးသောကရောဂါ၏ လက္ခဏာများကို ကြုံတွေ့ရနိုင်သည်။(Prigerson et al., 2021; Doering et al., 2022)။

ကာလရှည်ပူဆွေးသောကရောဂါရရှိရန် ဖြစ်နိုင်ချေရှိသော အကြောင်းအရင်းများထဲတွင် လူမှုရေးဆိုင်ရာနှင့် လူမှုစီးပွားရေးဆိုင်ရာအချက်များ၊ စိတ်ကျန်းမာရေးရောဂါခံစားခဲ့ရဖူးသည့် မှတ်တမ်းများ၊ သေဆုံးမှု၏ သဘောသဘာဝ၊ လူမှုပံ့ပိုးကူညီမှု မလုံလောက်ခြင်းနှင့် စိတ်ဒဏ်ရာ အတွေ့အကြုံများပါဝင်သည်။ ဥပမာအားဖြင့် မိမိနှင့် နီးစပ်သူတဦး သေဆုံးမှုသည် မျှော်လင့်မထားသောအချိန်တွင် ရုတ်တရက်ဖြစ်ပေါ်လာခြင်း (သို့) ပဋိပက္ခအရေး ပေါ်အခြေအနေများတွင် ဖြစ်ပွားပါက ကာလရှည် ပူဆွေးသောကရောဂါဖြစ်နိုင်ချေ ပိုမိုမြင့်မားနိုင်သည်။ (Lenferink and Boelen 2023; Buur et al. 2024).

ထို့အပြင် ကာလရှည်ပူဆွေးသောကရောဂါ၏ ပြင်းထန်မှုသည် အသက်အရွယ်ကြီးရင့်သူများ၊ အမျိုးသမီးများ၊ စိုးရိမ်မှုအခြေခံသောတွယ်တာမှုပုံစံ (anxious attachment style)ရှိခြင်း၊ လူမှုစီးပွားရေးအဆင့်အတန်းနိမ့်ကျခြင်းနှင့် မိမိကိုယ်ကိုအဆုံးစီရင်လိုစိတ်ရှိခြင်းတို့နှင့် ဆက်နွယ်မှုရှိကြောင်းတွေ့ရသည်။ (Buur et al., 2024; Musetti et al., 2025)

ကာလရှည်ပူဆွေးသောကရောဂါ၏ ဖြစ်နိုင်ချေသည် သေဆုံးသူနှင့် ဆက်စပ်ကာ ဆွေမျိုးဆက်နွယ်မှုအမျိုးအစားအလိုက်ကွဲပြားနေနိုင်သည်။ (ဥပမာအားဖြင့် ကလေး (သို့) ဇနီး/ခင်ပွန်းသေဆုံးမှုကို ကြုံတွေ့ရသူများတွင် ပိုမိုမြင့်မားစွာကြုံတွေ့ရနိုင်ခြင်း)၊ အကြမ်းဖက်မှုများတွင် သေဆုံးရခြင်းနှင့် သေဆုံးသည့်နေရာသည် မိမိနေထိုင်ရာအိမ်တွင် သေဆုံးခြင်းထက် အရေးပေါ်ဖြစ်သောနေရာများတွင် သေဆုံးခြင်းတို့သည် ကျန်ရစ်သူတွင် PGD ဖြစ်ရန် အလားအလာပိုများကြောင်းတွေ့ရှိထားရသည်။ (Buur et al., 2024; Rodriguez-Villar et al., 2024; Musetti et al., 2025)

စိတ်ကျန်းမာရေးတွင် အရေးပါသော လူမှုပံ့ပိုးကူညီမှု မလုံလောက်ခြင်းသည်လည်း ကာလရှည်ပူဆွေးသောကရောဂါကို ခံစားရနိုင်သော အန္တရာယ်အချက်တရပ်ဖြစ်သည်။ (Rodriguez-Villar et al., 2024)။

လက္ခဏာများ

————–

သေဆုံးသောသူကို တနှစ်ကြာသော်လည်း အလွန်ပြင်းထန်သောလွမ်းဆွတ်ခြင်းနှင့် ထိုသူအား စိတ်ထဲတွင် အဆက်မပြတ်တွေးတော နေခြင်းကြောင့် မိမိ ဘဝ၏ လုပ်ဆောင်ရမည့် အရာများကို အာရုံမစိုက်နိုင်ခြင်း တို့ဖြစ်ပေါ်လာပြီး

(၁) ဘဝဝိသေသလက္ခဏာများ ထိခိုက်ခြင်း၊

(၂) သေဆုံးမှုအပေါ် မယုံကြည်နိုင်ခြင်း/လက်မခံနိုင်ခြင်း၊

(၃) သတိရစရာ အဖြစ်အပျက်များကို ရှောင်ဖယ် ခြင်း၊ ရှောင်လွဲနေခြင်း၊

(၄) စိတ်ခံစားချက်များနာကျင်ခြင်း။ (ဒေါသ၊ ခါးသီးနေခြင်း၊ ဝမ်းနည်းခြင်း)၊

(၅) လူမူပေါင်းသင်းဆက်ဆံရေးအပေါ်ထိခိုက်လာခြင်း၊

(၆) စိတ်ခံစားချက်များ ထုံထိုင်းနေခြင်း၊

(၇) ဘဝရှင်သန်မှု အဓိပ္ပာယ်များပျောက်ဆုံးခြင်း၊

(၈) ပြင်းထန်သောအထီးကျန်မှုဖြစ်ခြင်းဟူ၍ လက္ခဏာရပ်များကို သတ်မှတ် ထားသည်။

အဆိုပါ လက္ခဏာရပ်များကြောင့် လူမှုရေး၊ အလုပ်အကိုင်နှင့် ဘဝ၏ အရေးပါသော အခန်းကဏ္ဍများတွင် ကောင်းမွန်စွာမလုပ်ဆောင်နိုင်သည့် အခြေအနေများသက်ရောက်ပါက PGD အဖြစ်ကိုင်တွယ် ကုစားရမည်ဖြစ်သည်။

ထို့လက္ခဏာများသည် ဗဟုသုတအတွက်သာဖော်ပြခြင်းဖြစ်ပြီး၊ အကယ်၍ အထက်ဖော်ပြပါ အခက်အခဲများရင်ဆိုင်နေရပါက သက်ဆိုင်ရာ စိတ်ကျန်းမာရေးဆရာဝန်များ၊ ကောင်ဆဲ လာများနှင့် စိတ်ကုထုံးပညာရှင်များဖြင့် တွေ့ဆုံကာ ကုစားဖြေရှင်းသင့်ပါသည်။

Mental Health Counselling များ ရယူလိုပါက Purple Window Counselling တွင် ဆက်သွယ်ရယူနိုင်ပါသည်။

References:

1. American Psychiatric Association. (2022). Diagnostic and Statistical Manual of Mental Disorders, Fifth Edition, Text Revision (DSM-5-TR). American Psychiatric Association Publishing.

2. Buur, C., Zachariae, R., Komischke-Konnerup, K. B., Marello, M. M., Schierff, L. H., & O’Connor, M. (2024). Risk factors for prolonged grief symptoms: A systematic review and meta-analysis. Clinical Psychology Review, 107, 1–11.

3. Prigerson, H. G., Boelen, P. A., Xu, J., Smith, K. V., & Maciejewski, P. K. (2021). Validation of the new DSM-5-TR criteria for prolonged grief disorder and the PG-13-Revised (PG-13-R) scale. World psychiatry : official journal of the World Psychiatric Association (WPA), 20(1), 96–106.

4. Doering, B. K., Barke, A., Vogel, A., Comtesse, H., & Rosner, R. (2022). Predictors of Prolonged Grief Disorder in a German Representative Population Sample: Unexpectedness of Bereavement Contributes to Grief Severity and Prolonged Grief Disorder. Frontiers in Psychiatry, 13, 853698.

5. Lenferink, L. I. M., & Boelen, P. A. (2023). DSM-5-TR prolonged grief disorder levels after natural, COVID-19, and unnatural loss during the COVID-19 pandemic. Journal of affective disorders reports, 12, 100516.

6. Musetti, A., Franceschini, C., Quattropani, M. C., Prigerson, H. G., & Lenzo, V. (2025). Prevalence and correlates of prolonged grief disorder symptom severity in a large sample of Italian adults. BJPsych open, 11(5), e162.

7. Rodriguez-Villar, S., Okegbola, E. O., Arevalo-Serrano, J., Duval, Y., Mathew, A., Rodriguez-Villar, C., Smith, K. V., Kennedy, R. C., & Prigerson, H. G. (2024). Grief and coping among relatives of patients who died of COVID-19 in intensive care during the height of the COVID-19 pandemic. BJPsych open, 10(6), e181.

8. Szuhany KL, Malgaroli M, Miron CD, Simon NM. Prolonged Grief Disorder: Course, Diagnosis, Assessment, and Treatment. Focus (Am Psychiatr Publ). 2021 Jun;19(2):161-172.

Leave a Reply

Your email address will not be published. Required fields are marked *